Wednesday, 15 July 2015

မျက် ရည် တောင် ဝဲ မိ ပါ တယ်. . .

သို့......ကိုအောင်ဆန်း

ရှင့် ခန္ဓာကိုယ်ထဲ
ကျည် ဆယ့်သုံးတောင့် ၀င်ခဲ့တာဆို
ကျွန်မ နှလုံးသားထဲ
နှစ်ဆယ့်ခြောက်တောင့်မျက
ဝင်ခဲ့တာပါ ရှင်ရယ် ။

ဗိုလ်ချုပ်ဆိုလည်း ဗိုလ်ချုပ်ကတော်ပေါ့ ။
လူရိုးကြီးဆိုတော့လည်း လူရိုးကြီးရဲ့ ဇနီးပေါ့ ။
လူ့ခွစာကြီးဆိုတော့လည်း လူ့ခွစာကြီး မိန်းမပေါ့ ။
အရိုင်း ဆိုတော့လည်း ဒီက...
အရိုင်းတစ်ယောက်ရဲ့ ပါရမီဖြည့်ဘက်ပါတော့် ။

" ဆရာမကိုပဲ အသည်းစွဲအောင် ချစ်တော့သည် " လို့
ရှင်တစ်ယောက်တည်း ညည်းခဲ့လေသလား
ခုချိန်များ ပြန်မေးရင်
ရှင်...မပြုံးတတ် ပြုံးတတ် ပြုံးဦးမယ် ။
ဒီမယ်တော့... ကိုအောင်ဆန်း
လက်ထပ်ခွင့်ထက်
ချစ်ခွင့် အရင်တောင်းသင့်တယ် လို့
တဆိတ် ရှင် မထင်ခဲ့ဘူးလား ။
ခုတော့...ရင်ခုန်ရမလို ရင်ဖိုရမလို
" အချိန်မရဘူး " တဲ့ ။

ရှင့် ရည်းစားစကား ပြန်များတွေးကြည့်ရင်
ရှင်... ရယ်ချင်နေမလား ။
ဘုရင်တစ်ပါးရဲ့ မိဖုရား
စစ်ဗိုလ်ချုပ် တစ်ဦးရဲ့ ကတော်
လက်ညှိုးညွှန်ရာ ဘာမဆိုဖြစ်နိုင်တဲ့ဘဝ
ကျွန်မဟာ ရှင်နဲ့ တစ်သားတည်း
ဘယ်မတုန်း ရွှေ တွဲလွဲ
ဘယ်မတုန်း ငွေ တွဲလွဲ
ခမည်း ပေးဖို့တောင် အမေ့ ပြန်အပူကပ်
ရှင် မြတ်သလို ကျွန်မလည်း မြတ်
ရှင် ရပ်သလို ကျွန်မလည်း ရပ်ခဲ့
မမေ့သေးရင်
" ကျေးဇူးတင်ပါတယ် ကြည် " လို့
ရှင် ပြောမယ်ထင်ပါရဲ့ ။

" အိန္ဒိယက ဘာမှာမလဲ " မေးလို့
" လမ်းဘေးက ပိတ်စလေးတွေဝယ်ပေးပါ "
ပြောတုန်းက
ဝယ်ပေးစရာ ပိုက်ဆံ မရှိဘူး
ကန်တော်ကြီး တစ်ပတ်လောက်သာသာကိုပဲ
ကားစီးရတဲ့ ဗိုလ်ချုပ်ကြီးရဲ့ မိသားစုတွေ ။

ရောင့်ရဲသူကြီး...ရေ
သိက္ခာရှိသူကြီး...ရေ
ရှင့် အပြင် ရှင့် မိသားစုလည်း
တာဝန်ကျေတယ် ။
ကျွန်မပြောမယ်ဆို
ရှင် စိတ်မဆိုးဘူး မဟုတ်လား ။
ဘယ်လောက်မှ မချမ်းသာသူကို ချစ်ခဲ့
အ၀တ်ကလေး နှစ်စုံ သုံးစုံပဲ ရှိတဲ့ ရှင့်ကို ကြင်နာခဲ့ ။
ထွက်သွားတော့လည်း ဘာမှ မချန်ခဲ့
ဒါပေမယ့် ဂုဏ်ရှိတဲ့ မုဆိုးမဆိုတာ
ခြံထဲက လီလီပန်းလေးတွေ သိလိမ့်မယ် ။

ရှင့်က ဆယ့်သုံးချက် မှန်တယ်
ကျွန်မက အဲ့ဒီထက် ပိုနာကျင်ရတယ် ။
နေမယ်ဆို နေလို့ ရပါလျှက်
ရှင်မယ်ဆို ရှင်လို့ ရပါလျှက်
လက်မပြပဲ နှုတ်ဆက်
အဲ့ဒီ မနက်က မိုးတွေ...စွေ..လို့ ။

ပြန်လာခဲ့ပါလား ရှင်ရယ်
ရှင် ရေးမယ့်စာတွေ ဖတ်ချင်သေးတာ ။
ခြံကလေး ဘာလေး စိုက်စားမယ် ဆို
ရှင်က စိုက် ကျွန်မက ရေလောင်းပေါင်းသင်
နှစ်ယောက်အတူတွဲ ရှိချင်သေးတာ ။

ရှင့် ခေါင်းထဲက
နိုင်ငံရေးကို ခဏထုတ်
မလုပ်ဖြစ်ခဲ့တဲ့ ကြင်နာခြင်း
ရှင် မသိခဲ့တဲ့ မြတ်နိုးခြင်း
စကားဖောင်ဖွဲ့ ငယ်မူပြန်ချင်သေးတာ
ရှင် ရှက်များသွားသလား ။
.....................................
ဘ၀လမ်း ခရီးတစ်လျှောက်
ပါရမီဖြည့်ဘက် တစ်ယောက်ကို
သတိမှ ရပါလေစ ကိုအောင်ဆန်း....။
သြော်...ဒါနဲ့
ကျွန်မ အခုလေ
ရှင့် အတွက်...
ပဲပြုတ်နဲ့ နံပြား ၀ယ်ထားမိသေးတယ် ။
မှ.........
      ကြည် ။

( ကဗျာရှင် " ကြည် "ဆိုသော " ကြည် " သို့...သာ )

0 comments:

Post a Comment